လူတစ်ယောက်က ဘယ်လောက်အတိုင်းအတာထိ သည်းခံနိုင်လဲ....။ ဘယ်လိုအခြေအနေထိသည်းခံနိုင်သလဲ...။ သည်းမခံနိုင်တဲ့အခါ ဘာတွေလုပ်လိုက်ကြသလဲ...။ အဲလိုလုပ်လိုက်ပြီးသွားတဲ့အခါ ဘာတွေဖြစ်သွားကြလဲ...။ ကောင်းကျိုး.. ဆိုးကျိုးတွေ...။ အဲ.. သည်းမခံနိုင်လို့  တခုခုလုပ်လိုက်မိတဲ့အခါ ရလာမဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို လက်မခံချင်ပဲလက်ခံမိတာမျိုးထက်စာရင် သည်းခံစိတ်ကို ပိုကြာကြာမွေးနိုင်အောင် လုပ်တာမျိုး ဒါမှမဟုတ် ကိုယ့်ရဲ့သည်းခံနိုင်မှု အတိုင်းအတာမကျော်လွန်ခင် ကြိုတင်သတိပေးတာမျိုး တစ်ခုခုလုပ်နိုင်ရင်ကော ပိုမကောင်းဘူးလား...။ တစ်ခုခုလုပ်မိသွားတဲ့အခါ ကိုယ့်အမှားနည်းသွားအောင်ပေါ့....။ အဲလို ယူဆထားတယ်....။ အဲလို ယူဆခဲ့တယ်...။ အဲဒီလို အယူအဆရှိတဲ့ သူမရဲ့ ငယ်ငယ်တုန်းက အဖြစ်အပျက်တစ်ခုကတော့...................
ညီအစ်မ နှစ်ယောက်ပဲရှိတဲ့ ဒီမိသားစုမှာ ကစားလဲ ညီမနဲ့ ပဲ... သွားလဲညီမနဲ့ ပဲပေါ့....။ သူမ ညီမလေးက အငယ်ပေမယ့် အကြီးလိုနေချင်သည်။ ဆရာလုပ်ချင်သည်။ တနေ့  ညီအမနှစ်ယောက် ကစားနေကြရင်း ထုံးစံအတိုင်း ငြင်းခုန်ရင်း ရန်ဖြစ်ကြလေသည်။ ညီမလေးက တတွတ်တွတ်နှင့် ပြောလို့ မပြီး.... အမှန်တော့ အစ်မရဲ့ အလျှော့ပေးမှုနဲ့ အချော့ကိုခံချင်တာပါ....။ ခက်တာက အစ်မလုပ်သူက ဒေါသကြီးသည်။ တခုခုဆိုဒေါသက အရင်ထွက်တတ်သည်။ မကောင်းသောအကျင့်ပင်။ ဒါပေမယ့် သူမမှာ အဲဒါလေးကို ထိန်းနိုင်ဖို့ ကောင်းသော အကျင့်တခုပါလာသည်က သည်းခံခြင်းပင်ဖြစ်သည်။ ဒေါသထွက်နေပေမယ့် သည်းခံနိုင်အောင်လုပ်သည်။ အတတ်နိုင်ဆုံး သည်းခံနိုင်အောင်ကြိုးစားသည်။ ဘာမျှပြန်မလုပ်မိအောင် ထိန်းသည်။ ဒေါသစိတ်ကို အတတ်နိုင်ဆုံး ချုပ်တည်းတတ်သည်။ ဒါပေမယ့် သူမ အတွက် ထိုအရာက ကန့် သတ်ချက်နှင့်။ အတိုင်းအတာနှင့်။ အတိုင်းအတာကျော်လွန်သွားလျှင် သူမ သတိပေးတတ်သည်။ တခုခုမလုပ်မိအောင်ဖြစ်သည်။ ညီမလေးကလဲ တတွတ်တွတ်နှင့်ပြောလို့ ကမပြီးနိုင်.. သူမကျေနပ်အကြောင်းပြောနေဆဲ....။
" နင့်ကိုငါထပ်မပြောနဲ့ တော့လို့ ပြောနေတယ်နော် "
" ပြောမှာပဲ... နင်က .......... "
" နင့်ကိုတိတ်လို့ ပြောနေတယ်နော် ... ငါစိတ်တိုလာပြီ "
" ဘာဖြစ်လဲပြောတော့... "
" နင်ထက်ပြောရင် ငါတခု ခုလုပ်မိတော့မယ်နော် " ပထမ တစ်ခါ သတိပေးလိုက်သည်။
" ပြောမှာပဲ ဘာဖြစ်လဲ... "
" ငါ့ကိုမပြောနဲ့ လို့ ပြောနေတယ်နော်.. ငါတကယ်တခုခုလုပ်မိတော့မယ်နော် " ဒုတိယ တစ်ခါ သတိပေးခြင်းဖြစ်သည်။
" နင့်ကိုကြောက်ရမှာလား ဘာဖြစ်လဲ ပြောမှာပဲ... "
" အေး နောက်တခါထပ်ပြောရင် ငါတကယ်လုပ်ပြီနင့်ကို " တတိယ အကြိမ်ဖြစ်လေသည်။
" ပြောတယ်. ပြောတယ်.. "
ထိုနောက်တွင်တော့.........
" အား.................. အီးးးး ဟီးးးးး " အငယ်မလေး၏ ငိုသံ...။
မီးပူတိုက်နေရာမှ သူမတို့ အမေ ရောက်လာလေသည်။
" ဟယ် ဘယ်လိုဖြစ်တာလဲ ဘယ်လိုဖြစ်တာလဲ တိတ်.. တိတ်... အကြီးမ နင်ကလေ ကိုယ့်ညီမကို.... "
သူမ အနားမှာရှိသော သနပ်ခါးခြစ်သည့် သစ်သားသွားပွတ်တံဖြစ်ပေါက်လိုက်ခြင်းပင်။ နဖူးတဲ့တဲ့ကိုသွားမှန်သဖြင့် ဘုထွက်လာလေသည်။
" ဘာလို့ လုပ်တာလဲ?????? ကိုယ့်ညီမကို... နင်ကလေ တော်တော်ဆိုးပါလား...... "
" သူ့ ကိုမပြောနဲ့ လို့ ပြောသားပဲ... ပြောရင်လုပ်မယ်လို့ ပြောသေးတာပဲ... သူကဆက်ပြောတာကို...... "
ထို့ နောက်တွင်.......
သူမ အရိုက်ခံလိုက်ပါလေသည်။
သို့ သော်လည်း ယခုအချိန်ထိတော့ ထိုအကျင့်က မပျောက်သေး။ မလုပ်ခင်ကြိုကြိုပြောတတ်ချင်းနှင့် စကားကုန်သွားလျှင် လက်ပါလာခြင်းက ကောင်းခြင်းလား မကောင်းခြင်းလားတော့မသိ။ သူမကတော့ မပြောဘဲ တစ်ခုခုလုပ်လိုက်ခြင်းထက် ပြောပြီးမှ တစ်ခုခုလုပ်လိုက်ခြင်းကို ယခုတိုင် စွဲနေဆဲ.........။
Showing posts with label ကိုယ့်အကြောင်း တစေ့တစောင်း. Show all posts
Showing posts with label ကိုယ့်အကြောင်း တစေ့တစောင်း. Show all posts
Sunday, February 22, 2009
Friday, February 20, 2009
ထင်တဲ့အတိုင်းလေးပဲ ပြောမိတာ
ငယ်ငယ်တုန်းက အဖြစ်အပျက်လေးတခုပါ။ ခုထိမှတ်မိနေတုန်း။ ကလေးအတွေးနဲ့ ပြောလိုက်ပေမယ့် အဲဒီအတွေးက မှန်ကန်တယ်ဆိုတာ ကိုယ်ဘာသာယုံကြည်တယ်။ ခုချိန်ထိလက်ခံနေဆဲ......။
တနေ့ ...။
အိမ်ကို အမေ့မောင် ဦးလေးတို့ မိသားစု လာလည်ကြတယ်။ စကားတွေပြောနေကြရင်းက ဘယ်ကဘယ်လို ဆက်စပ်သွားတယ်မသိ.. အဒေါ်က အမေကိုပြောတယ်။ သူ့ သမီးကပြောတယ်တဲ့ (သူ့ သမီးဆိုတော့ ကိုယ့်အမ ၀မ်းကွဲပေါ့ ) ကြီးလာရင်ယောကျာ်းမယူဘူးတဲ့။ ပိုက်ဆံရှာပြီး မိဘကိုပဲလုပ်ကျွေးမယ်တဲ့။ အမေက ကောင်းတာပေါ့။ လိမ်မာတာပေါ့ လို့ ပြောရော။ ဒါပဲလား မထူးဆန်းဘူးလို့  ထင်မှာပေါ့။ မဟုတ်ဘူး။ အဒေါ်ကအဲ့မှာတင်ရပ်ရင်တော့ တော်သေးတာပေါ့။ သူကဆက်ပြီး အငယ်မလေး (ကိုယ့် ညီမ) ကကောတဲ့။ အငယ်မက အိမ်မှာ လူကြီးတွေ စကားကို ကိုယ့်ထက်ပိုနားထောင်တယ်လို့ ပြောလို့ ရတယ်။ လူကြီးအကြိုက်ပြောတတ်တယ်။ သူက အင်း မယူဘူးတဲ့။ အမလိုပဲနေမယ်ပေါ့ ပြောတာ။ လူကြီးတွေရဲ့ ထုံးစံအတိုင်း လိမ်မာလိုက်တာ ပေါ့။ ဒါနဲ့ တင်မရပ်သေးဘူး။ ကိုယ်တယောက်ထဲ ကျန်တယ်ဆိုတော့လဲ မျှတအောင်ကိုယ့်ကိုပါ အဲဒီလိုမေးတာပေါ့လေ။ ကိုယ့်အလှည့်ရောက်လာပြီလေ..... အဖြေကရှင်းရှင်းလေးပဲပေးလိုက်တယ်
မ သိ သေး ဘူး
လူကြီးတွေက ဘာကိုမသိသေးတာလဲတဲ့ ပြူးကြည့်ပြီးတော့။ အော် ယူ မယူ မသိသေးဘူး.. မသေချာသေးဘူးလို့ ပြောတာ လို့  ပြန်ပြောလိုက်တယ်။
အဲဒီတော့..... အဲဒီတော့.... အမေက လူရှေ့ သူရှေ့  မှာအဲလိုပြောရမလားဆိုပြီး အကြီးမက ဘာ.. ဘာ.. ဘာ.. ဆိုပြီးပြောတော့တာပေါ့။ ဘယ်လိုပြောမလဲ အဲဒီတုန်းကငယ်သေးတာဆိုတော့ သူတို့ စိတ်ထဲမှာနဲနဲကြီးလာတာနဲ့  ကျိန်းသေယောကျာ်းယူတော့မှာပဲ သေချာထိန်းမှ ကောင်းကောင်းဆုံးမမှလို့  တွေးမိလားတော့မပြောတတ်ဘူး။ ခုမှစဉ်းစားမိတာပါ။ အဲတုန်းကတော့ ဒါလေးပြောတာဘာမှားလို့ လဲ ဒါလဲဆူတာပဲလို့ တွေးမိတာ။
ဒါပေမယ့် အဲဒီတုန်းထဲကတွေးမိတာက မနက်ဖန်မှာတောင် ဘာဖြစ်မလဲမပြောနိုင်တာ.. အဝေးကြီးလိုသေးတဲ့ ယောကျာ်းယူဖို့ မယူဖို့ ကို ဘယ်လိုသေချာမှုမျိုးနဲ့ ပြောနိုင်တာလဲ... ယူမယ်လို့ ပြောပြီး မရနိုင်သေးတာတွေရှိသလို မယူဘူးလို့ ပြောပြီး ယူသွားတဲ့လူတွေလဲတွေ့ နေရတာ... အဲဒီတော့ မယူဘူးလို့ ပြောပြီးမှ ယူသွားရင် ... သူများတွေကပြောကြမှာ တွေ့ လားပြောတုန်းကတော့ မယူဘူးနဲ့ ခုတော့ယူတာပဲ ဆိုပြီး... အဲ ယူမယ်လို့ပြောပြီး မယူဖြစ်ရင်လဲ ပြောကြမှာပဲ လူတွေက.. တွေ့ လားလိုချင်လွန်းလို့ ယူမယ်လုပ်နေတာ ခုထိကိုမရနိုင်သေးဘူး ကြည့်ပါလား ဆိုတာမျိုး အပြောခံရမှာ... ငါလဲဘယ်လိုလုပ်သိဦးမှာလဲ....အဲဒီတော့ မသေချာသေးတာကို မသေချာသေးဘူးလို့  ပြောတာပဲကောင်းတယ်လို့ ... အဲလိုလေးပဲတွေးမိတာပါ.... အဲလိုလေးပဲတွေးမိတဲ့အတိုင်းပြောလိုက်မိတာပါ...။
အမှန်တိုင်းလေးပြောလိုက်မိတာပါ....။
ဒါပေမယ့်
အဲဒီတုန်းကတော့ ဆူခံလိုက်ရတယ်.....။
ဒါပေမယ့်
ခုချိန်ထိတော့ အဲဒီလိုပြောနေတုန်းပဲ....။
ဒါပေမယ့်
ငါ့လိုပဲအပျိုကြီးလုပ်ကြ ငါနဲ့ တူတူနေလို့ ပြောတတ်တဲ့ အပျိုကြီးအဒေါ်ရဲ့ကလေးတောင် တော်တော်ကြီးလာပြီ။း)
အပျိုကြီးပဲလုပ်မယ်ဆိုတဲ့ အမကလည်း ဘယ်အသက်အရွယ်ထိမှမရရင် အပျိုကြီးလုပ်မယ်လို့  လစ်မစ်ပြောင်းလာပြီ။း)

Subscribe to:
Posts (Atom)