ATTENTION

တယောက်ထဲနဲ့  ဖြစ်သလိုနေတဲ့ အိမ်လေးထဲ အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ဧည့်သည်တွေကို ဧည့်ဝတ်မကြေ စိတ်ချမ်းသာမှု မပေးနိုင်ခဲ့ရင် ခွင့်လွှတ်ကြပါလို့  ....

Sunday, February 4, 2018

သက်မဲ့



ပြုံးနေ ပျော်နေတိုင်း
ရင်ထဲမှာ ပန်းတွေပွင့်နေတာမဟုတ်ဘူးလေ
ပွင့်စရာ ခေါင်ရမ်းပန်းပဲ ရှိတဲ့အခါ
ဆေးမဖြစ်တဲ့ ဆေးခါးကြီးတွေ
ကြိတ် မှိတ် မျို ချ
ဘ၀ ခါးလှတယ်။
အသက်ရှူနေရတိုင်း အသက်ရှင်နေရင်
ဘ၀ဟာ နေပျော်ပါလိမ့်မယ်။
ကလေးရေ…
ငိုစရာ မျက်ရည်တွေမရှိတော့တဲ့အခါ
မင်း အိပ်ပျော်သွားပါလိမ့်မယ်။
(ဒါမှမဟုတ်)
မင်း အိပ်ပျော်သွားတဲ့အခါ
ငိုစရာ မျက်ရည်တွေခြောက်သွားပါလိမ့်မယ်။
တည်ရှိခြင်း နဲ့ ကွယ်ပျောက်ခြင်းဟာ
ဇာပ၀ါပါး တလွှာသာ ခြားတာရယ်….။

Wednesday, March 1, 2017

နာတာရှည် ဘဝ

တဘ၀စာ အဖြစ်
တခဏတာများကို
ငါလေ...
အတိတ်မေ့သွားလိုက် ချင်ရဲ့။
လောကကြီးဟာ ရုပ်ရှင်တကားဆို
ကြေးကြီးရတဲ့ မင်းသမီးတော့
မဖြစ်ချင်ဘူး မေမေ။
ဟိုတကွက် ဒီတကွက်
လင်းတခါ မှောင်တလှည့်
ဖျက် ညှက် ဆက်
တည်းဖြတ်ခြင်း အနုပညာ
ဘယ်ခါ သင်ယူတတ်မြောက်နိုင်ပါ့မလဲကွယ်။
နေ၀င် မိုးချုပ် စုန်းစုန်းမြုပ်
အရုဏ်ဦးအတွက်
ခဏတော့ အိပ် ရ ဦး မယ်။
(တောင်းဆိုခွင့်သာ ရခဲ့ရင်)
လောကကြီးရေ
မနှိုးပါနဲ့တော့
ငါ့ဘဝကြီး - သူ
ခေါင်းတခြမ်းကိုက်နေပြီ။

Thursday, February 23, 2017

မျှော်တလင့်လင့်

လွမ်း... လောက်အောင်
လှတဲ့ နေဝင်ချိန်မှာ
ပန်း... လောက်အောင်
ခ ရ တဲ့ အချစ်အတွက်
ငါ ဟာ
နွမ်း... လျအောင်
မျှော်ရင်း မော....။
- sweetpeony

Monday, April 22, 2013

သုံးရာသီ အပိုင်းအစ

အတိတ်တွေ မွှေးပျံ့ လာတဲ့အခါ
အိပ်မက်ဟာ ချိုလာတယ်
မိုးရေ......
မနှိုးပါနဲ့
သူ....... (သူ့ကိုလေ)
အိပ်ပျော်နေပါစေ........။

ပစ္စုပ္ပန်တွေ ချိုခါးလာတဲ့အခါ
အိပ်မက်ဟာ အဆိပ်တက်လာတယ်
လေရေ
တိုက်ပါကွဲ့
သူ........ (သူ့ကိုလေ)
မေ့ပျောက်နေပါစေ.........။

အနာဂတ်တွေ နေပူမိတဲ့အခါ
အိပ်မက်ဟာ အရည်ပျော်လာတယ်
မြူရေ
ဆိုင်းပါတဲ့
သူ........... (သူ့ကိုလေ)
အေးချမ်းနေပါစေ..........။

Wednesday, April 17, 2013

ဂန္ဓ၀င်မြောက် ကျဆုံးခန်း

ညဟာ အရောင်တွေ သိပ်စိုလို့
ဒါဟာ တောခြောက်တာများလား
လှည့်မကြည့်ပါနဲ့
ဖြုတ်ခနဲ ကြွေကျသွားတဲ့ ညမွှေးပန်း
မင်းကို မမြင်စေရက်ဖူးကွယ်
ရနံ့လေးတော့ဖြင့်
သင်းခဲ့ပါရစေ............။

Tuesday, March 5, 2013

မသက်ဆိုင်သော စာမျက်နှာ

အတိတ်က ရွက်ကြမ်းရေကြိုဖြစ်ခဲ့မှတော့
အနာဂတ်ဟာ ဟိုဘက်ကမ်းက မီးထိန်ထိန်ပဲ။
မပျိုးတတ်ခဲ့တဲ့ စကားလုံးတချို့
မပွင့်ခင်မှာဘဲ တဖြုတ်ဖြုတ်
ကြွေ
လွင့်
လို့......။
ပါဝင်ခွင့်မရှိတော့တဲ့ ဘ၀အပိုင်းစတခု
တစစ တရွေ့ရွေ့ အသွင်ပြောင်းခြင်းကို
ငြိမ်သက်စွာ ရှုစားယုံပေါ့။
အနောက်အရပ်ကို မျက်နှာမူထားမှတော့
ဟိုး........... အရှေ့က
ရောင်နီ
ငါ့အတွက်မဟုတ်တော့ဘူး...........။

Sunday, May 23, 2010

၂၂ ခံစားချက်

ဒီနေ့
ဘ၀ရဲ့ အပိုင်းအစတချို့ကို မှတ်တမ်းတင်ပါတယ်။
အဲ ဒီနေ့မှာ
စိတ်ရဲ့ အစိတ်အပိုင်းတချို့ကို အံ့သြခြင်း၊ ၀မ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ နာကျင်ခြင်း၊ သိမ်ငယ်ခြင်း၊ ရှက်ခြင်း များနဲ့အတူ လက်ခံရရှိခဲ့တယ်။
စီးပွားရေးလုပ်နေခြင်းမဟုတ်လို့ အရှုံး အမြတ်လို့ မယူဆတော့ပါ။
ပေးဆပ်ရတာနဲ့ တန်သလား မတန်သလား လဲမသိ
ရှေ့ဆက်လှမ်းရန် အားအင်မဲ့စွာနဲ့ပဲ လက်ခံခဲ့တယ်။
တကယ်ဆို ကိုယ်ဟာ အလွန်ကို ခံစားထိခိုက်လွယ်သူပါ။ မကောင်းဘူး။ ကိုယ်မကောင်းပါဘူး။

ငါ
အနားမှာရှိနေတယ်..
ငါ
ဟိုး အဝေးဆုံးကို ရောက်နေတယ်...
တွန်းပို့ခြင်းခံရတယ်...

နောက်ကျောကို ဓါးနဲ့ထိုးခံရတဲ့စိတ်ဟာ လျော့ကျ
လျော့ကျတဲ့စိတ်ဟာ ပြိုလဲ
စိတ်ပိုင်းဆိုင်ရာ
ရုပ်ပိုင်းဆိုင်ရာ
ကမ္ဘာကြီးရေ
ခဏလောက် အဆက်အသွယ် ဖြတ်ခွင့်ပေးပါ

ငါဟာ
တခါသုံး အစမ်းသပ်ခံ ပစ္စည်းပါကွဲ့
ငါ့ တန်ဖိုးဟာ
depreciation ကျသလို
တအိအိနဲ့
လျော့
လျော့
ကျ...
နောက်ဆုံး အချိန်မှာ ငါ့နေရာဟာ
ဟိုး က စတိုခန်း ထောင့်လေးမှာ...
နောက်ဆုံးချိန်ရေ
ပစ္စည်းသစ်တွေ ရောက်လာချိန်ထိ
(ငါဟာ ဟောင်းနွမ်း အသုံးမကျတော့လို့
လဲလှယ်လိုက်ရပါတယ် ဆိုတဲ့ အချိန်ထိ)
ငါ စောင့်နေပါတယ်...

ညရေ
အဲဒီအချိန် မတိုင်ခင်မှာတော့
နှစ်ခြိုက်စွာ အိပ်စက်ခြင်းတို့ကို
ပေးပါ...

!_!