လွတ်လပ်ချင်တဲ့ ငါ
ဘယ်သူ့ အတွက်နဲ့ များ
ကိုယ့်အတောင်ပံကို
ချိုးခဲ့မိပါလိမ့် .........။
ကိုယ့်ကိုယ်ကို တထပ်တထပ်
ရစ်ပတ်မိတဲ့ ကြိုးတွေအတွက်
အလိုမတူဘဲ လက်ခံလိုက်ရတာက
လျစ်လျူရှုခြင်းတဲ့ .........။
အခြားတဖက်မှာ
လွတ်မြောက်ခြင်းကိုမြင်နေရပေမယ့်
ဒီသားအိမ်ထဲက
ထွက်လို့ မရနိုင်သေးဘူး .........။
ဒီ ပိုးတုံးလုံးဘ၀က
လွန်မြောက်ခဲ့ရင်လည်း
ပေါ့ပါးတဲ့လိပ်ပြာငယ်
ငါ ပြန်ဖြစ်နိုင်ဦးမလား ...........။
Wednesday, February 25, 2009
Sunday, February 22, 2009
သည်းခံမှု အတိုင်းအတာ
လူတစ်ယောက်က ဘယ်လောက်အတိုင်းအတာထိ သည်းခံနိုင်လဲ....။ ဘယ်လိုအခြေအနေထိသည်းခံနိုင်သလဲ...။ သည်းမခံနိုင်တဲ့အခါ ဘာတွေလုပ်လိုက်ကြသလဲ...။ အဲလိုလုပ်လိုက်ပြီးသွားတဲ့အခါ ဘာတွေဖြစ်သွားကြလဲ...။ ကောင်းကျိုး.. ဆိုးကျိုးတွေ...။ အဲ.. သည်းမခံနိုင်လို့  တခုခုလုပ်လိုက်မိတဲ့အခါ ရလာမဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို လက်မခံချင်ပဲလက်ခံမိတာမျိုးထက်စာရင် သည်းခံစိတ်ကို ပိုကြာကြာမွေးနိုင်အောင် လုပ်တာမျိုး ဒါမှမဟုတ် ကိုယ့်ရဲ့သည်းခံနိုင်မှု အတိုင်းအတာမကျော်လွန်ခင် ကြိုတင်သတိပေးတာမျိုး တစ်ခုခုလုပ်နိုင်ရင်ကော ပိုမကောင်းဘူးလား...။ တစ်ခုခုလုပ်မိသွားတဲ့အခါ ကိုယ့်အမှားနည်းသွားအောင်ပေါ့....။ အဲလို ယူဆထားတယ်....။ အဲလို ယူဆခဲ့တယ်...။ အဲဒီလို အယူအဆရှိတဲ့ သူမရဲ့ ငယ်ငယ်တုန်းက အဖြစ်အပျက်တစ်ခုကတော့...................
ညီအစ်မ နှစ်ယောက်ပဲရှိတဲ့ ဒီမိသားစုမှာ ကစားလဲ ညီမနဲ့ ပဲ... သွားလဲညီမနဲ့ ပဲပေါ့....။ သူမ ညီမလေးက အငယ်ပေမယ့် အကြီးလိုနေချင်သည်။ ဆရာလုပ်ချင်သည်။ တနေ့  ညီအမနှစ်ယောက် ကစားနေကြရင်း ထုံးစံအတိုင်း ငြင်းခုန်ရင်း ရန်ဖြစ်ကြလေသည်။ ညီမလေးက တတွတ်တွတ်နှင့် ပြောလို့ မပြီး.... အမှန်တော့ အစ်မရဲ့ အလျှော့ပေးမှုနဲ့ အချော့ကိုခံချင်တာပါ....။ ခက်တာက အစ်မလုပ်သူက ဒေါသကြီးသည်။ တခုခုဆိုဒေါသက အရင်ထွက်တတ်သည်။ မကောင်းသောအကျင့်ပင်။ ဒါပေမယ့် သူမမှာ အဲဒါလေးကို ထိန်းနိုင်ဖို့ ကောင်းသော အကျင့်တခုပါလာသည်က သည်းခံခြင်းပင်ဖြစ်သည်။ ဒေါသထွက်နေပေမယ့် သည်းခံနိုင်အောင်လုပ်သည်။ အတတ်နိုင်ဆုံး သည်းခံနိုင်အောင်ကြိုးစားသည်။ ဘာမျှပြန်မလုပ်မိအောင် ထိန်းသည်။ ဒေါသစိတ်ကို အတတ်နိုင်ဆုံး ချုပ်တည်းတတ်သည်။ ဒါပေမယ့် သူမ အတွက် ထိုအရာက ကန့် သတ်ချက်နှင့်။ အတိုင်းအတာနှင့်။ အတိုင်းအတာကျော်လွန်သွားလျှင် သူမ သတိပေးတတ်သည်။ တခုခုမလုပ်မိအောင်ဖြစ်သည်။ ညီမလေးကလဲ တတွတ်တွတ်နှင့်ပြောလို့ ကမပြီးနိုင်.. သူမကျေနပ်အကြောင်းပြောနေဆဲ....။
" နင့်ကိုငါထပ်မပြောနဲ့ တော့လို့ ပြောနေတယ်နော် "
" ပြောမှာပဲ... နင်က .......... "
" နင့်ကိုတိတ်လို့ ပြောနေတယ်နော် ... ငါစိတ်တိုလာပြီ "
" ဘာဖြစ်လဲပြောတော့... "
" နင်ထက်ပြောရင် ငါတခု ခုလုပ်မိတော့မယ်နော် " ပထမ တစ်ခါ သတိပေးလိုက်သည်။
" ပြောမှာပဲ ဘာဖြစ်လဲ... "
" ငါ့ကိုမပြောနဲ့ လို့ ပြောနေတယ်နော်.. ငါတကယ်တခုခုလုပ်မိတော့မယ်နော် " ဒုတိယ တစ်ခါ သတိပေးခြင်းဖြစ်သည်။
" နင့်ကိုကြောက်ရမှာလား ဘာဖြစ်လဲ ပြောမှာပဲ... "
" အေး နောက်တခါထပ်ပြောရင် ငါတကယ်လုပ်ပြီနင့်ကို " တတိယ အကြိမ်ဖြစ်လေသည်။
" ပြောတယ်. ပြောတယ်.. "
ထိုနောက်တွင်တော့.........
" အား.................. အီးးးး ဟီးးးးး " အငယ်မလေး၏ ငိုသံ...။
မီးပူတိုက်နေရာမှ သူမတို့ အမေ ရောက်လာလေသည်။
" ဟယ် ဘယ်လိုဖြစ်တာလဲ ဘယ်လိုဖြစ်တာလဲ တိတ်.. တိတ်... အကြီးမ နင်ကလေ ကိုယ့်ညီမကို.... "
သူမ အနားမှာရှိသော သနပ်ခါးခြစ်သည့် သစ်သားသွားပွတ်တံဖြစ်ပေါက်လိုက်ခြင်းပင်။ နဖူးတဲ့တဲ့ကိုသွားမှန်သဖြင့် ဘုထွက်လာလေသည်။
" ဘာလို့ လုပ်တာလဲ?????? ကိုယ့်ညီမကို... နင်ကလေ တော်တော်ဆိုးပါလား...... "
" သူ့ ကိုမပြောနဲ့ လို့ ပြောသားပဲ... ပြောရင်လုပ်မယ်လို့ ပြောသေးတာပဲ... သူကဆက်ပြောတာကို...... "
ထို့ နောက်တွင်.......
သူမ အရိုက်ခံလိုက်ပါလေသည်။
သို့ သော်လည်း ယခုအချိန်ထိတော့ ထိုအကျင့်က မပျောက်သေး။ မလုပ်ခင်ကြိုကြိုပြောတတ်ချင်းနှင့် စကားကုန်သွားလျှင် လက်ပါလာခြင်းက ကောင်းခြင်းလား မကောင်းခြင်းလားတော့မသိ။ သူမကတော့ မပြောဘဲ တစ်ခုခုလုပ်လိုက်ခြင်းထက် ပြောပြီးမှ တစ်ခုခုလုပ်လိုက်ခြင်းကို ယခုတိုင် စွဲနေဆဲ.........။

Friday, February 20, 2009
ထင်တဲ့အတိုင်းလေးပဲ ပြောမိတာ
ငယ်ငယ်တုန်းက အဖြစ်အပျက်လေးတခုပါ။ ခုထိမှတ်မိနေတုန်း။ ကလေးအတွေးနဲ့ ပြောလိုက်ပေမယ့် အဲဒီအတွေးက မှန်ကန်တယ်ဆိုတာ ကိုယ်ဘာသာယုံကြည်တယ်။ ခုချိန်ထိလက်ခံနေဆဲ......။
တနေ့ ...။
အိမ်ကို အမေ့မောင် ဦးလေးတို့ မိသားစု လာလည်ကြတယ်။ စကားတွေပြောနေကြရင်းက ဘယ်ကဘယ်လို ဆက်စပ်သွားတယ်မသိ.. အဒေါ်က အမေကိုပြောတယ်။ သူ့ သမီးကပြောတယ်တဲ့ (သူ့ သမီးဆိုတော့ ကိုယ့်အမ ၀မ်းကွဲပေါ့ ) ကြီးလာရင်ယောကျာ်းမယူဘူးတဲ့။ ပိုက်ဆံရှာပြီး မိဘကိုပဲလုပ်ကျွေးမယ်တဲ့။ အမေက ကောင်းတာပေါ့။ လိမ်မာတာပေါ့ လို့ ပြောရော။ ဒါပဲလား မထူးဆန်းဘူးလို့  ထင်မှာပေါ့။ မဟုတ်ဘူး။ အဒေါ်ကအဲ့မှာတင်ရပ်ရင်တော့ တော်သေးတာပေါ့။ သူကဆက်ပြီး အငယ်မလေး (ကိုယ့် ညီမ) ကကောတဲ့။ အငယ်မက အိမ်မှာ လူကြီးတွေ စကားကို ကိုယ့်ထက်ပိုနားထောင်တယ်လို့ ပြောလို့ ရတယ်။ လူကြီးအကြိုက်ပြောတတ်တယ်။ သူက အင်း မယူဘူးတဲ့။ အမလိုပဲနေမယ်ပေါ့ ပြောတာ။ လူကြီးတွေရဲ့ ထုံးစံအတိုင်း လိမ်မာလိုက်တာ ပေါ့။ ဒါနဲ့ တင်မရပ်သေးဘူး။ ကိုယ်တယောက်ထဲ ကျန်တယ်ဆိုတော့လဲ မျှတအောင်ကိုယ့်ကိုပါ အဲဒီလိုမေးတာပေါ့လေ။ ကိုယ့်အလှည့်ရောက်လာပြီလေ..... အဖြေကရှင်းရှင်းလေးပဲပေးလိုက်တယ်
မ သိ သေး ဘူး
လူကြီးတွေက ဘာကိုမသိသေးတာလဲတဲ့ ပြူးကြည့်ပြီးတော့။ အော် ယူ မယူ မသိသေးဘူး.. မသေချာသေးဘူးလို့ ပြောတာ လို့  ပြန်ပြောလိုက်တယ်။
အဲဒီတော့..... အဲဒီတော့.... အမေက လူရှေ့ သူရှေ့  မှာအဲလိုပြောရမလားဆိုပြီး အကြီးမက ဘာ.. ဘာ.. ဘာ.. ဆိုပြီးပြောတော့တာပေါ့။ ဘယ်လိုပြောမလဲ အဲဒီတုန်းကငယ်သေးတာဆိုတော့ သူတို့ စိတ်ထဲမှာနဲနဲကြီးလာတာနဲ့  ကျိန်းသေယောကျာ်းယူတော့မှာပဲ သေချာထိန်းမှ ကောင်းကောင်းဆုံးမမှလို့  တွေးမိလားတော့မပြောတတ်ဘူး။ ခုမှစဉ်းစားမိတာပါ။ အဲတုန်းကတော့ ဒါလေးပြောတာဘာမှားလို့ လဲ ဒါလဲဆူတာပဲလို့ တွေးမိတာ။
ဒါပေမယ့် အဲဒီတုန်းထဲကတွေးမိတာက မနက်ဖန်မှာတောင် ဘာဖြစ်မလဲမပြောနိုင်တာ.. အဝေးကြီးလိုသေးတဲ့ ယောကျာ်းယူဖို့ မယူဖို့ ကို ဘယ်လိုသေချာမှုမျိုးနဲ့ ပြောနိုင်တာလဲ... ယူမယ်လို့ ပြောပြီး မရနိုင်သေးတာတွေရှိသလို မယူဘူးလို့ ပြောပြီး ယူသွားတဲ့လူတွေလဲတွေ့ နေရတာ... အဲဒီတော့ မယူဘူးလို့ ပြောပြီးမှ ယူသွားရင် ... သူများတွေကပြောကြမှာ တွေ့ လားပြောတုန်းကတော့ မယူဘူးနဲ့ ခုတော့ယူတာပဲ ဆိုပြီး... အဲ ယူမယ်လို့ပြောပြီး မယူဖြစ်ရင်လဲ ပြောကြမှာပဲ လူတွေက.. တွေ့ လားလိုချင်လွန်းလို့ ယူမယ်လုပ်နေတာ ခုထိကိုမရနိုင်သေးဘူး ကြည့်ပါလား ဆိုတာမျိုး အပြောခံရမှာ... ငါလဲဘယ်လိုလုပ်သိဦးမှာလဲ....အဲဒီတော့ မသေချာသေးတာကို မသေချာသေးဘူးလို့  ပြောတာပဲကောင်းတယ်လို့ ... အဲလိုလေးပဲတွေးမိတာပါ.... အဲလိုလေးပဲတွေးမိတဲ့အတိုင်းပြောလိုက်မိတာပါ...။
အမှန်တိုင်းလေးပြောလိုက်မိတာပါ....။
ဒါပေမယ့်
အဲဒီတုန်းကတော့ ဆူခံလိုက်ရတယ်.....။
ဒါပေမယ့်
ခုချိန်ထိတော့ အဲဒီလိုပြောနေတုန်းပဲ....။
ဒါပေမယ့်
ငါ့လိုပဲအပျိုကြီးလုပ်ကြ ငါနဲ့ တူတူနေလို့ ပြောတတ်တဲ့ အပျိုကြီးအဒေါ်ရဲ့ကလေးတောင် တော်တော်ကြီးလာပြီ။း)
အပျိုကြီးပဲလုပ်မယ်ဆိုတဲ့ အမကလည်း ဘယ်အသက်အရွယ်ထိမှမရရင် အပျိုကြီးလုပ်မယ်လို့  လစ်မစ်ပြောင်းလာပြီ။း)

Wednesday, February 18, 2009
တက္ကသီလာ ကျောင်းတော်မှာ (၁)
ကိုယ့်ဘလော့လေးမှာ ဘာတင်ရင်ကောင်းမလဲလို့ စဉ်းစားတုန်း မနော်ရဲ့ဘလော့လေးမှာ တက္ကသိုလ်အကြောင်းလေး ရေးထားတာတွေ့  တော့ တက္ကသိုလ်တက်တုန်းက မမေ့နိုင်တဲ့  အကြောင်းလေးတွေ ရေးမယ်စိတ်ကူးမိတယ်
၁၀ရက်ဘဲတတ်ရတဲ့ အဝေးသင်တက္ကသိုလ်မှာ သူများတွေဘယ်လိုပျော်ခဲ့တယ် မပျော်ခဲ့ဘူးဆိုတာတော့ သေချာမသိပါဘူး။ ဒါပေမယ့် အဲ့ဒီအချိန်လေးတွေကတော့ ကိုယ်တွေအတွက် ပြန်တွေးလိုက်တိုင်း ပြန်ပြောဖြစ်တိုင်း မမေ့နိုင်စရာတွေပါ။ ကိုယ်အပါအ၀င်သူငယ်ချင်းတွေက ၇ယောက်ရှိတယ်။ မိန်းကလေးကြီးပဲပေါ့....။ အနီးကပ် ၁၀ရက် နီးလာပြီဆိုတာနဲ့ အားလုံးက လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဖုန်းနဲ့  အလုပ်တွေရှုပ်ကြပါပြီ။ ကျောင်းတက်ရတော့မယ်နော်.... ဘယ်နေ့ သွားရမှာ..... ဘယ်အချိန်သွားကြမလဲ....... ဘယ်မှာစုကြမှာလဲ...... သူကောသိလား..... နင်ပြောလိုက်ဦး........ ငါ့ကတော့ဘယ်သူကိုပြောပြီးပြီ.... စသည် စသည်ဖြင့် အရေးကြီးသောကိစ္စများစွာကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းကြလေသည်ပေါ့။ ၁ယောက်သိပြီး ၁ယောက်မသိမှာစိုးလို့  ဆိုပြီး ၇ယောက်ပြည့်အောင် လှည့်ပြီးဖုန်းတွေဆက်ကြရတာ အမော။ အမှန်က သိပြီးသားဆိုတာကို အားလုံးနားလည်ပါတယ်။ ကျူရှင်မှာလဲတွေ့ နေကြ။ တမင်ကိုဖုန်းဆက်ကြတာ ငါပြောတယ်နော် သတိပေးတယ်နော် ဆိုတာမျိုး သိအောင်။း)
အဲဒီလိုနဲ့ ကျောင်းသွားရမယ့်နေ့ ကိုရောက်လာပါတော့တယ်။ သူငယ်ချင်းတွေမှာ အကျင့်ရှိတယ်။ ၁၀နာရီသွားမယ်ဆိုရင် ၉နာရီသွားမယ်လို့  ပြော။ မဟုတ်လို့ ကတော့ ၁၁နာရီမှဘဲ ထွက်ဖြစ်တယ်။ ၁နာရီလောက်ကြိုချိန်းရတယ်။ အဲ့လိုအကျင့်တွေကကောင်းကြတာ။း) အမြဲစု ဖြစ်ကြတဲ့နေရာကတော့ ရွှေဘုံသာလမ်းက သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ။ သူ့ အိမ်က ကားနဲ့ သွားရင်သွား။ မသွားရင်တော့ တခြားသူတွေရဲ့ကားနဲ့သွား။ တယောက်တလှည့်စီပေါ့။ များသောအားဖြင့်ကတော့ သူ့ အိမ်ကကားနဲ့ ပဲ သွားကြတာများတယ်။ ပါပလေကာ မဟုတ်ရင်တောင်းအေစ့် နဲ့ သွားတာပေါ့။ ဒီလူအုပ်ကို တင်ဖို့ ဒီလိုကားနဲ့ မှအဆင်ပြေမှာလေ။ မကောင်းတာကတော့ သူ့ အိမ် ကကားနဲ့ သွားရင် သူ့ အဖေက စိတ်မချလို့ ဒါရိုက်ဘာနဲ့ လွှတ်တာ။း( တခြားလူတွေရဲ့ကားနဲ့ ဆိုရင်တော့ ကိုယ်တိုင်မောင်းလို့ ရပေမယ့် ကြပ်သိပ်ပြီးထိုင်ရတာ။ ဒါပေမယ့် ဒါလဲပျော်စရာပါ။း) ကြပ်ကြပ်သိပ်သိပ်မှာ စကြနောက်ကြ ရယ်ကြမောကြ။ ဘေးက ကားတွေကြည့်သွားလည်း ဂရုမစိုက်ကြပါဘူး။ မကြည့်ဘဲနေမလား။ ဆလွန်းကားနဲ့ သွားတဲ့ရက်ဆို လူက၇ယောက်။ အားလုံးက ညှပ်ညှပ်သေးသေးလေးတွေ မဟုတ်ကြဘူး။ နောက်မှာ ၄ယောက်။ ရှေ့ မှာ ၃ယောက်။ ရှေ့ မှာ ၃ယောက်ထိုင်တာ မော်တော်ပီကေတွေ့ ရင်ဖမ်းမှာစိုးလို့  မြင်တိုင်း ရှေ့ ကတယောက်က မှောက်မှောက်ပြီး ၀ပ်နေရတယ်။း) ဘယ်သူ့  ကားနဲ့ သွားသွား တလမ်းလုံး စကားတွေပေါက်ပေါက်ဖောက်သလိုပြောရင်း ( တော်သေးတာက ကားမောင်းတဲ့ ဒါရိုက်ဘာ ဘကြီးက နားနဲနဲလေးလို့း) ) မီးပွိုင့်မှာ ဘဲဥမြင်မှာစိုးလို့ မှောက်နေတာကို ဘေးက ကားတွေက အထူးအဆန်းလိုကြည့်ရင်းနဲ့  ရောက်လာပါပြီ ထိန်ထိန်သာပြီးတောက်ပနေတဲ့ ကျောင်းတော်မဟာကို (အမှန်က နေပူပူဖုန်ထူထူမှာ ကွင်းသလင်းထဲ ဧပရယ်နေရောင်က ချစ်ချစ်တောက်ပူနေတာ အဲဒီတော့ တောက်ပနေတာပေါ့ )း)
ပထမဆုံးကျောင်းစတတ်တဲ့နေ့ မှာတော့ အလုပ်တော်တော်ရှုပ်ကြတယ်။ အရင်ဆုံးကျောင်းသားကဒ်ထုတ်ဖို့ ကို တန်းဆီရ တိုးရ စောင့်ရနဲ့ ။ မမ တွေကလဲ ဆင်မ ယဉ်သာခြေတစ်လှမ်း ကုဋေတစ်သန်းနှုန်းနဲ့ လုပ်ကြတာဆိုတော့ ကိုယ်တွေလို ဖျတ်ဖျတ်လူးနေတဲ့သူတွေအဖို့  တော်တော်သည်းခံရပါတယ်။ ဒါလေးရမှ စာမေးပွဲဖြေလို့ ရမှာကိုး။ ပြီးတာနဲ့ ကန်တင်းကို ပြေးကြတော့တာပဲ။ သမုဒ္ဒရာဝမ်းတစ်ထွာက ပြည့်သွားပြီဆိုတော့မှ စာသင်ဆောင်ကိုရှာပြီး ချီတတ်ကြတာ။ အခန်းထဲမှာလဲ ၂ ချိန် ၃ချိန်လောက် ထိုင်ရသေးတာနော။ စ စ တက်ချင်းနေ့ ဆိုတော့ ကျူရှင်မှာ သင်ပြီးသားပေမယ့်လဲ စာအုပ်တွေ စာရွက်စာတမ်းတွေက ၀ယ်ကြသေးတယ်။ အမှန်က သူများယောင်လို့ လိုက်ယောင်တာ။ မ၀ယ်လဲရတာကို။
အဲဒီလိုနဲ့ ပဲ ထမင်းစားချိန်ကို ရောက်လာပါတော့တယ်။ ထမင်းစားချိန်ပြီသွားရင်တော့ ကျောင်းပြန်ရောက်ဖို့  မစဉ်းစားနဲ့ တော့။ ထမင်းစားချိန်မှာ ကျောင်းကန်တင်းက လူရှုပ်တယ်။ ထိုင်စရာမရှိလို့  ဟိုဆိုင်သွားလိုက် ဒီဆိုင်ပဲဝင်ရမလားလုပ်လိုက်နဲ့ ယောင်ခြာခြာဖြစ်ဖူးတာ။ ဒါနဲ့ ထမင်းစားချိန်ဆို ကျောက်တန်းရေလယ်ဘုရားဘက်က ထမင်းဆိုင်ကိုသွားကြရော။ သူငယ်ချင်းရဲ့ကားနဲ့  ပဲပေါ့။ အေးအေးဆေးဆေးစားလို့ ရတယ်။ ဘေးဘက်မှာက ရေတွေနဲ့  ကြည့်လိုက်ရင် ရေလယ်ဘုရားနဲ့ ကောင်းမှကောင်း။ အဲ့ဒါကကျောက်တန်းထိဆိုတော့ နည်းနည်းဝေးတာပေါ့။ နောက်တော့ ကျောင်းနဲ့ ကျောက်တန်းကြားမှာရှိတဲ့ အုန်းတောကို သွားကြတယ်။သူငယ်ချင်းတွေက အုန်းတောလို့  ခေါ်လို့  သူ့ နံမယ်ကဘာလဲတော့မသိဘူး။ အဲ့ဒီနေရာလေးက အေးဆေးတယ် လူရှင်းတယ် ပြီးတော့ သူက ဆည်လို ရေကန်ကြီးရဲ့ဘေးမှာ အုန်းပင်လေးတွေနဲ့။ အုန်းပင်ကြီးတွေ အုန်းပင်လေးတွေကြားမှာ စားပွဲလေးတွေခင်းထားတယ်။ ဒန်းလေးလဲထားထားသေးတာ။ ဧပရယ်နေပူပူမှာ အဲဒီနေရာလေးက ကန်ကိုဖြတ်တိုက်လာတဲ့လေနဲ့  အုန်းရိပ်တွေကြောင့် တော်တော်ကိုအေးချမ်းတဲ့နေရာလေးပါ။ စားကြသောက်ကြ နောက်ကြပြောင်ကြနဲ့ တော်တော်အေးချမ်းတာ။ ၁ခုပဲ.. ဗိုက်အရမ်းဆာနေရင်တော့ မသွားတာပဲကောင်းတယ်။ ချက်တာအားကြီးကြာ။ လူလဲ အဲလောက်မရှိဘဲ။ အဲဒီမှာ စားသောက်လို့ ပြီးသည့်သကာလမှာ ဘယ်သွားရင်ကောင်းမလဲဆိုတဲ့ အစီအစဉ်ကို ရေးဆွဲ တင်သွင်း အဆိုပြု ပြင်ဆင် ထောက်ခံ စသည် စသည်များကို အများသဘောတူ ဆန္ဒခံယူကြလေသည်။
တနေ့ တနေရာ အလှည့်ကျသွားလိုက်တာ ဒဂုံစင်တာ... ပုလဲကွန်ဒို.... တိုင်းရင်းသားကျေးရွာ.... တိရစ္တာဥယျာဉ်.... ရှုခင်းသာ..... မြကျွန်းသာ..... အင်းယား..... ရွှေတိဂုံ.... ကျိုက်ခေါက်.... ဘယ်မှသွားစရာမရှိရင် ဘာမှမရှိတဲ့နေရာမျိုးတောင် ခြေဆန့် ကြပါသည်။ စားပြီးမှသွားကြတာရှိသလို သွားပြီးမှ စားကြတာလဲရှိရဲ့။ ကျောက်တန်း အုန်းတောမှ အစ feel 3 ...... million coin... အောင်သုခ.... YKKO.... ရွှေပုဇွန်... လမ်းမတော် ၁၃လမ်း ဆီချက်ဆိုင်...... ရွှေတောင်တန်းကြေးအိုး..... မိန်းကလေးတွေ အဲဒီလောက်တောင် စားကြလားလို့ မထင်နဲ့ ။ ဥပမာအနေနဲ့  ၁၃လမ်းမှာစားရင် အနည်းဆုံးတယောက်၂ပွဲ ဆီချက် ကော်ရည် ဖက်ထုတ် ၁ယောက် ၁ပွဲ အပြင် ဘဲသွေးသုတ် ကြက်သားသုတ် အူသုတ် ၁ယောက်၁ပွဲ။ အဲဒီဆိုင်နားက အအေးဆိုင်မှာ အအေး ဒိန်ချဉ်က ၁ယောက် ၁ခွက်။ ဒီကြားထဲ ၂ယောက် ၁ပွဲ ထက်မှာတာကရှိသေးတယ်။ ပန်းကန်တွေပုံနေလို့  ဘေးစားပွဲတွေကတောင်ကြည့်တယ် ဟားဟား...။ ဒါပေမယ့် မရှက်ပါဘူး ကိုယ့်ပိုက်ဆံကိုယ်ပေးပြီး ကိုယ့်ဗိုက်ထဲကိုယ်ထဲ့တာပဲနော....။ မနက်ကျောင်းလာ နေ့ လည် လျှောက်သွား လျှောက်စား ညနေပြန် အေးချမ်းပ ဘ၀လေးက။ ညနေမပြန်လို့ တော့မရဘူးလေ။ ကျောင်းက ညထိမှမရှိတာကိုးနော...း) တချို့ အိမ်က အဲလိုသွားတယ်ဆိုတာတော့သိတယ်လေ။ တချို့ အိမ်တွေက မသိဘူး။ ဒါကြောင့်မိုးချုပ်သွားရင် ဆူခံရမှာ ဆိုတော့ အားလုံးညနေ ၅နာရီ ၆နာရီဆို ပြန်ကြတာပေါ့။း) အဲ အဲ အဲဒီလိုသွားတာကို ဒရိုက်ဘာ ဘကြီးကို ကြိုပိတ်ထားရတယ်။ ထမင်းကျွေးပြီးတော့ ဟီးဟီး မကျွေးလို့  လဲမဖြစ်ဘူးလေ သူလဲ တနေကုန် ဒီ အုပ်စုနောက်လိုက်ပို့  နေရတာ။ သူငယ်ချင်းရဲ့ အဖေက ဘကြီးကိုပြန်ပြန်မေးတာ။ သူတို့ တွေ ဒီနေ့ ဘယ်သွားကြလဲပေါ့။ သူ့ အဖေအကြောင်းသိတဲ့ သူငယ်ချင်းက ဘကြီးကိုကျောင်းမှာပဲ လို့ ပြောခိုင်းထားပြီးသား။း) မိန်းကလေး ၇ယောက်ပေါင်းပြီး လောင်းကျော်ခဲ့တာ။ ပြန်တွေးကြည့်ရင် သူများတွေရဲ့ တက္ကသိုလ်ဘ၀နဲ့ ယှဉ်ရင် ပျော်ဖို့ ကောင်းချင်မှကောင်းမယ် ဒါပေမယ့် ကိုယ့်အုပ်စုနဲ့ ကိုယ် ဘောင်ထဲကနေ လွတ်လပ်စွာပျော်ခဲ့ကြတယ်... မဟုတ်တာ ဘာမှမလုပ်ခဲ့ကြဘူး ဆိုတာနဲ့ တင် ကျေနပ်တယ်။

Subscribe to:
Posts (Atom)