ATTENTION

တယောက်ထဲနဲ့  ဖြစ်သလိုနေတဲ့ အိမ်လေးထဲ အကြောင်းကြောင်းကြောင့် ရောက်လာတဲ့ဧည့်သည်တွေကို ဧည့်ဝတ်မကြေ စိတ်ချမ်းသာမှု မပေးနိုင်ခဲ့ရင် ခွင့်လွှတ်ကြပါလို့  ....

Wednesday, April 29, 2009

မ.... ဘဲ နဲ့  မ..... ပဲ

ဒါလေးကို မရေးတော့ဘူးလို့ စဉ်းစားမိသေးတယ်။ ခုတော့လည်းရေးဖြစ်သွားပြီ။ ဟိုတလောက ကိုညီလင်းဆက်ဘလော့မှာ မြန်မာစာ အမှားတွေနဲ့ ပတ်သတ်ပြီး ရေးထားတာ ဖတ်ရတော့ ငယ်ငယ်က မြန်မာစာဆရာမ၁ယောက် (နံမယ်တော့မမှတ်မိတော့ဘူး။ တီချယ်ရေ ခွင့်လွှတ်ပါ) ပြောတာကို သတိရသွားမိပြီး ရေးချင်သွားတယ်။ တချို့ ကမသိတာဖြစ်နိုင်တယ် တချို့ လည်းသိပြီးသား ဖြစ်နေမှာပါ။

မြန်မာစာမှာရေးနေကြတဲ့ အငြင်းပုံစံဖြစ်တဲ့ မလုပ်ဘဲ၊ မစားဘဲ၊ မသွားဘဲ၊ မရောက်ဖြစ်ဘဲ၊ စတာတွေကို တော်တော်များများက မလုပ်ပဲ၊ မစားပဲ၊ မသွားပဲ၊ မရောက်ဖြစ်ပဲ၊ ဆိုပြီး မ...ပဲ ပုံစံနဲ့ သုံးကြတာတွေ တွေ့ ရတယ်။ မ.....ပဲ လို့ သုံးရတာလား၊ မ....ဘဲလို့ သုံးရတာလား ငယ်ငယ်တုန်းက ခွဲလို့ မရခဲ့ဘူး။ ခဏ ခဏမှားတယ်။ ဘယ်လိုမှ မမှတ်မိဘူး။ အဲဒါနဲ့  အဲဒီမြန်မာစာ ဆရာမက မမှတ်မိနိုင်တဲ့ တပည့်တွေကို ` မှတ်ထား။ နင်တို့ က မ တွေ မ တွေနောက်ကို ဘဲ တွေလိုက်မှာပဲ။ မ နောက်ကို ဘဲ လိုက်တယ်။ မ ပါရင် ဘဲ ပါမှာပဲ။ မ မပါရင် ဘဲ မပါဘူး ´ တဲ့။း) အဲဒါနဲ့ ပဲ နောက်ပိုင်းတွေမှာ စာရေးရင် သတိထားပြီးရေးရေးလာတယ်။ ဒီတော့ အငြင်းပုံစံတွေကို မလုပ်ပဲ၊ မစားပဲ၊ မသွားပဲ၊ မရောက်ဖြစ်ပဲ ဆိုတာတွေ အစား မလုပ်ဘဲ၊ မစားဘဲ၊ မသွားဘဲ၊ မရောက်ဖြစ်ဘဲ လို့  မ .... ဘဲ ပုံစံနဲ့ သုံးရမှာ မှတ်မိသွားတယ်။

ဒါကိုသိပြီးသားတွေလည်းရှိမှာပါ။ မသိသေးတဲ့သူတွေ အတွက်လည်း ဗဟုသုတပေါ့။ ဒီပို့ စ်ကိုဖတ်ပြီး သူကကော ဘယ်လောက်တတ်လို့ လဲ။ ဘယ်လောက်တော်လို့ လဲ ဘယ်လောက်အမှားကင်းလို့ လဲ လို့  မေးကောင်းမေးနိုင်ပါတယ်။ ဟုတ်ကဲ့ မြန်မာစာကို မတော်ပါဘူး။ ကောင်းကောင်းမသုံးတတ်ပါဘူး။ ပြုပြင်နေဆဲပါ။ ကိုယ်တိုင်ရေးတဲ့စာတွေမှာလည်း မေ့သွားလို့  ပြန်မဖျက်ချင်တော့လို့ စတာတွေကြောင့် အဲဒီ အမှားတွေရှိရင်ရှိနေမှာပါ။ ပြန်မပြင်ဖြစ်သေးပါ။ ဒီပို့ စ်လေးကလည်း အသိလေးတစ်ခုကို မျှပေးကြည့်ရုံပါ။

Monday, April 20, 2009

ချစ်ဖွယ့်လူသား

သင်္ကြန်ပြီးသွားပြီ... နှစ်သစ်ရောက်လာပြီ... ချစ်ဖွယ့်လူသား လုပ်ကြစို့ ။
နှစ်သစ်အတွက် 100Plus ပေါ့။
၆တန်းတုန်းက သင်ဖူးတဲ့ ကဗျာလေး.. ခုထိမှတ်မိနေလို့  တင်ထားလိုက်တယ်။
ကဗျာနံမည်ကတော့ ချစ်ဖွယ့်လူသား လို့ ထင်တယ်..။ ဟုတ်မှာပါ။

တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့ 
ဖန်ဖန်လေ အားအင်နှိုးလို့ ရယ်
ကြိုးလျှောက်ရပြန်။
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်မလား။
စ ခဲ့မိဟာပေါ့
တစ်နေ့ မှာ ဆုံးရာရောက်ပါလိမ့်
အားလျော့ကာ ဆုတ်ချင်စမ်းပါနဲ့ 
စိတ်နွမ်း အသာဖြေဦး။
မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့ 
မူတသွင် အားအင်သစ်လိုက်ပ
ချစ်ဖွယ့်လူသား။

ဘေးမှာပုံလေးပါတယ်။ တစ်လုံးပြီးတစ်လုံးဆင့်နေတဲ့ တောင်တွေပေါ် လူတစ်ယောက်တက်နေတဲ့ပုံ။ တောင်ဘေးမှာ ရေကန်လေး။ ငှက်ကလေးတွေကလည်း အနားမှာ သီချင်းဆိုပြီးပျံနေတဲ့ပုံလေး။

Wednesday, April 15, 2009

ရွှေရင်ကိုအေးစေကြောင်း


ရောက်လာကြသူများ သင်္ကြန်ရွှေရင်အေးလေး သုံးဆောင်ကြပါ။ တနှစ်ပတ်လုံး ပူပန်ကင်းဝေး ရွှေရင်အေး စေကြောင်း ရည်ရွယ် ဆုတောင်းပါသည်။

Thursday, April 9, 2009

ပညာ ပညာ ပညာ

မိမိကိုယ်ကို တော်တော်မုန်းမိပါသည်။
ပညာမတတ်သောကြောင့်ဖြစ်၏။
ပိပိရိရိဟန်ဆောင်သောနည်းပညာကို သေသေချာချာတတ်မြောက်ချင်ပါတယ်။
အနည်းဆုံးတော့ လျှာဖျားလေးနှင့်သာ စကားလှလှပြောတတ်သောပညာကို ရချင်ပါတယ်။
တပတ်ရိုက် ကျားကွက်ရွှေ့  တတ်သော ပညာကိုလည်း သင်ကြားတတ်မြောက်ချင်ပါတယ်။
ပင်ကိုစိတ်ရင်းအတိုင်း မနေထိုင်တတ်စေရန် အတွေ့ အကြုံများက သင်ကြားပေးခြင်းလား။

လောကသည် ကပွဲတစ်ခုနှင့်တူသည်။
လူတို့ သည် မျက်နှာဖုံးများစွာတပ်လျှက် ကခုန်နေကြသည်။
တယောက်နှင့်တွေ့ လျှင် တစ်မျိုးပြောင်းတပ်၏။
မျက်နှာကို မမြင်ရသော်ငြား မျက်လုံးများကိုမြင်နေရ၏။
ထိုသူတို့  ည ည အေးချမ်းစွာ အိပ်ပျော်ပါရဲ့လား။
ကပွဲထဲတွင်ပါဝင်ဆင်နွှဲနိုင်ရန် မျက်နှာဖုံးလိုအပ်နေသည်။
ကိုယ်မုန်းသောမျက်နှာဖုံးကို တပ်ရတော့မည်။
ထို့ အတွက် ထို အတတ်ပညာများလိုအပ်လေသည်။
သို့ သော်....... ကိုယ်က အေးချမ်းစွာ အိပ်ပျော်ချင်သူပါ။
ထို့ ကြောင့် သဟဇာတ မတဲ့စွာ ထိုင်ကြည့်နေရတော့သည်။
ထိုအခါ လှုပ်ရှားနေသူများ၏ တိုးတိုက်ခြင်းကို ရံဖန်ရံခါ ခံရတော့သည်။
၁ခါ...
၂ခါ...
၎ခါ...
၆ခါ...
၈ခါ...
စဉ်းစားရပြီ။
မျက်နှာဖုံးတတ်နိုင်ရန် ကြိုးစားရမည်လား။
ခန္တီပါရမီကိုပဲ ကျင့်ကြံရမည်လား။

မည်သို့ ဆိုစေ ထိုသူတို့ အလွန့် အလွန်တော်ကြပါသည်။
ပိပိရိရိဟန်ဆောင်သောနည်းပညာကို သေသေချာချာတတ်မြောက်ထား၏။
လျှာဖျားလေးနှင့်သာ စကားလှလှပြောတတ်သော ပညာကို တတ်မြောက်ထား၏။
တပတ်ရိုက် ကျားကွက်ရွှေ့  တတ်သော ပညာကိုလည်း သင်ကြားတတ်မြောက်ထား၏။
ကစားနည်းတို့ အတွင် အလှဆုံးဖြစ်သော လူ လူချင်း စကားဖြင့်ကစားသောနည်းကိုလည်း တတ်မြောက်ကြလေသည်။