The sky is clear now.
Birds are singing, trees are green.
Making me feel fresh!
Monday, March 23, 2009
အအေးလှိုင်းဒဏ်
ချမ်းတယ်.....။
အေးစက်စက်နဲ့ ......။
အေးတာကို အံ့သြစွာမုန်းတတ်နေပါလား.... ကိုယ့်ကိုယ်ကို အံ့သြခြင်းများစွာနဲ့  ကြည့်နေမိတယ်။ အရင်ကတော့ အဲဒီအေးတာကိုမှ ကြိုက်တတ်ခဲ့တာ... ပူနွေးတာကို မကြိုက်ဘဲ အေးတာကိုမှလိုချင်ခဲ့တာ... ချမ်းစိမ့်စိမ့်အရသာလေးကိုမှ သဘောကျခဲ့တာ...။ ခုတော့ ဒါကိုမုန်းတတ်နေခဲ့ပြီ.... အေးစက်စက်ဖြစ်နေတာကို မုန်းနေပြီ... ချမ်းတဲ့ ခံစားမှုကိုမုန်းနေပြီ... နွေးထွေးတဲ့နေရာကို ရှာနေမိပြီ... ပူနွေးမှုကို ဆာလောင်နေပြီ... ပူနွေးတဲ့ နေရာထဲကို တိုးဝင်ချင်နေပြီ...။ အေးစက်စက် ချမ်းစိမ့်စိမ့်ကို တွန်းလှန်နိုင်ဖို့  ချောင်တစ်ချောင်မှာ ကိုယ့်ကိုယ်ကို ပြန်ဖက်... မုန်းတီးစွာနဲ့  ပဲကြည့်နေရတယ်...။
ပူနွေးတာကိုမကြိုက်ခဲ့ဘူး... ပူနွေးတဲ့ အရသာကိုမသိခဲ့ဘူး.. တန်ဖိုးကိုနားမလည်ခဲ့ဘူး (နားမလည်ချင်ယောင်ဆောင်နေခဲ့တာလဲဖြစ်မှာ) အေးစက်မှုကိုခံစားရတိုင်း... ပူနွေးခြင်းကိုတိုးလို့  တိုးလို့  တပ်မက်ပြီးနေနေပြီ။
အဝေးက ငါ့အိမ်ကလေးရေ.... ပူနွေးတဲ့အရသာကို ငါကြိုက်နေပါပြီ... ပူနွေးတဲ့ တန်ဖိုးကို ငါသိနေပါပြီ...။ ဒါပေမယ့် အိမ်ကလေးသိအောင် ငါပြောမှာမဟုတ်ဘူးနော်...။ အိမ်ကလေးရဲ့ ပူနွေးမှုကို အခု ပြန်ရနိုင်ပေမယ့် ငါ ရွေးထားတဲ့ လမ်းအတွက် နောက်ပြန်လှည့်ခဲ့မှာ မဟုတ်သေးဘူးကွယ်...။ အဲ့ဒီအချိန်ကိုရောက်ဖို့  အေးစက်စက် အချိန်ကာလ တစ်ခုကို ငါ ဖြတ်ကျော်ရဦးမယ်... တိုးတိုးတိုက်တိုက်ပဲ ဖြတ်ကျော်သွားဦးမှာ...။
ငါ ဟာ
ခေါင်းမာသော စွန့် ခွာသူ အဖြစ်ပဲ အိမ်ကလေး သိထားပါစေလေ.....။

Friday, March 13, 2009
the longest word in english language
အင်္ဂလိပ်စာမှာ word လို့ ခေါ်တဲ့ စာလုံးတွေမှာ အရှည်ဆုံးစာလုံးပါ။ သိပြီးသားတွေလည်း ရှိသလို မသိသေးတဲ့သူတွေဆိုလဲ သိသွားတာပေါ့။
Pneumonoultramicroscopicsilicovolcanoconiosis တဲ့။
၄၅ letters ပါပါတယ်။ ဒါက medical term တစ်ခုပါ။ အဆုတ်တစ်ခြမ်းစကာပေါက်ဖြစ်တဲ့ရောဂါပါ။
Pneu = အဆုတ်
mono = တစ်ခြမ်း
ultramicroscopic = အလွန်သေးငယ်သောအပေါက်
silicovolcano = မီးတောင်ပြာများမှ ဆီလီကွန်ကြောင့်
coniosis = ဖြစ်သောရောဂါ
အလွန်သေးငယ်တဲ့ ဆီလီကွန်ပါတဲ့ လေထုကို ရှုမိရာက ဖြစ်ပွားတယ်လို့  ဆိုပါတယ်။ ကျောက်ထုလုပ်သားတွေ ကျောက်မှုန့် ရှုမိတာမျိုး၊ မီးတောင်ပေါက်ကွဲစဉ် လေထုမှာ ပါလာတဲ့ ဖုန် မှုန့် တွေကို ရှုမိတာမျိုး တွေကြောင့်ဖြစ်တတ်ပါတယ် လို့ ဆိုပါတယ်။ အသေးစိတ်ကို အင်တာနက်မှာရှာကြည့်နိုင်ပါတယ်။

Thursday, March 12, 2009
ဘလော့ရဲ့ အရောင်
အရောင်တွေထဲမှာ အကြိုက်ဆုံးက အနီရောင်။ နီတာမှ ရဲရဲနီနေတဲ့ အနီ သန့် သန့် မျိုး။ အနီရောင်ကိုမြင်ရင် စိတ်တွေတက်ကြွလာသလို... စိတ်ဓာတ်ကျနေရင်တောင် အနီရောင်အင်္ကျီဝတ်လိုက်ရင် အားပြည့်လာသလို။ ဒါကြောင့် ဒီဘလော့လေးကို စဖန်တီးခဲ့တဲ့အချိန် အနီကိုပဲသုံးရင်ကောင်းမယ်လို့ စဉ်းစားမိတယ်။ အနီမရှိတော့ အနီးစပ်ဆုံးတူတဲ့ ပန်းရောင်ရင့်ရင့်ကိုသုံးလိုက်တယ်။
ဒါပေမယ့် ဘလော့ဆိုတာ အဓိက က စာရေးစာဖတ်လုပ်တဲ့နေရာ။ မျက်လုံးကိုအားပြုပြီး အလုပ်လုပ်ရတာ။ အနီရောင်ရဲ့စူးရဲမှုနဲ့ ကွန်ပြူတာကို ကြာရှည်အသုံးပြုမှုတွေကြောင့် ကြာရင်တော့ မျက်လုံးထိခိုက်နိုင်တယ်ထင်မိတယ်။ ဒါနဲ့ အရောင်လေးတော့ပြောင်းဦးမှပေါ့...။
ဘာရောင်ပြောင်းရင်ကောင်းမလဲစဉ်းစားလိုက်တော့ ငယ်ငယ်က အကိုတစ်ယောက်ပြောတာကို သတိရသွားတယ်။ ငယ်ငယ်တုန်းက စာကျက်နေရင်း စာလုပ်နေရင်းနဲ့ `မျက်စိညောင်းလာပြီ ..´ လို့ အကိုရှေ့မှာပြောမိတော့ `သွား.. အိမ်ရှေ့ထွက်ပြီး သစ်ပင်တွေကိုကြည့်လိုက်.. အဝေးကသစ်ပင်ကော အနီးကသစ်ပင်ကော အားလုံးကိုသွားကြည့်´ လို့ ပြောတယ်။ ဘာဖြစ်လို့လဲလို့  မေးဖူးတယ်။ အကိုက `သစ်ပင်တွေက စိမ်းတယ်..။ အဲဒီသစ်ပင်ရဲ့စိမ်းစိမ်းစိုစိုအရောင်တွေက လူရဲ့မျက်စိကို အေးစေတယ်။ အမြင်ကြည်စေတယ်။ မျက်လုံးညောင်းနေရင် သွားကြည့်.. သက်သာသွားလိမ့်မယ်´လို့ ပြောပြတယ်။ ဟုတ်မဟုတ်တော့မသိ.. ဘယ်လိုဆိုင်သလဲမသိ..။ ဒါပေမယ့် နောက်ပိုင်း မျက်လုံးအရမ်းညောင်းလာရင် သစ်ပင်တွေကို လိုက်လိုက်ကြည့်တတ်တယ်။ အကိုပြောတာ ဟုတ်သလိုလိုတော့ရှိသား။ သက်သာတယ်။
ဒါကြောင့် မျက်လုံးကို အသုံးပြုပြီး ရေးရဖတ်ရအလုပ်လုပ်ရတဲ့ ဒီဘလော့မှာ ကြာကြာရေးနိုင်ဖတ်နိုင်အောင်နဲ့  မျက်လုံး အားစိုက်ရတာသက်သာအောင် အစိမ်းရောင်ကို ပြောင်းသုံးဖို့  ဆုံးဖြတ်လိုက်ပြီး အစိမ်းရောင်ပြောင်းလိုက်ပါကြောင်း........။

Subscribe to:
Posts (Atom)